Sunday, October 14, 2012

ပထဝီနိုင်ငံရေးနဲ့ မြန်မာနိုင်ငံ



ပထဝီနိုင်ငံရေး

ပထဝီနိုင်ငံရေး(Geopolitic) ဆိုတဲ့ဘာသာရပ်ဆိုတာဟာ နိုင်ငံတစ်နိုင်ငံရဲ့တည်နေရာ၊အကျယ်အဝန်း၊ လူဦးရေ၊ သဘာဝသယံဇာတ၊ ကိုးကွယ်သည့်ဘာသာ၊
နေထိုင်တဲ့လူမျိုးတို့ရဲ့ သဘောသဘာဝကိုအသေးစိတ် လာပြီး နိုင်ငံရဲ့မဟာဗျူဟာ  (Strategy) ကိုချမှတ်တဲ့ဘာသာရပ်လို့ ပြောလို့ရပါတယ်

ပထဝီနိုင်ငံရေးထဲမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး၊ ဘာသာရေး နှင့်စစ်ရေး စသည်တို့ရောထွေးဖွဲ့စည်းထားတာကို တွေ့ရမှာပါ

ပထဝီနိုင်ငံရေးဘယ်ကစလာသလဲ မေးရင် ၁၅ရာစုနှောင်းပိုင်းနဲ့ ၁၆ ရာစုကစတယ်လို့ပြောလို့ရပါတယ် ၊  အဲဒီနှစ်တွေအတွင်းမှာ အနောက်ဥရောပနိုင်ငံတွေမှာမြေပုံရေးဆွဲတဲ့ အတတ်ပညာထွန်းကားလာနေပါပြီ
ပထဝီဆိုတာကတည်နေရာကိုညွန်းပါတယ် ဒီထဲမှာမြေမျက်နှာသွင်ပြင်ကိုလေ့လာမှုကအရေးပါပါတယ်

၁၆ရာစုအတွင်းမြေပုံတွေကို ရေးဆွဲလာနိုင်တဲ့အတွတ် လူ့အဖွဲ့အစည်းရဲ့တွေးခေါ်ပုံတွေပြောင်းလဲလာပါတယ်
ပိုမိုအသုံးဝင်မဲ့ မဟာဗျူဟာတွေကို ခေါင်းဆောင်တွေက ပညာရှင်တွေရဲ့အကြံပေးချက်နဲ့ ချမှတ်လာနိုင်ကြပါတယ်
ဒီပညာရှင်တွေထဲမှာမှ ၁၇ရာစု အလယ်လောက်ကပေါ်ပေါက်ခဲ့တဲ့ ဒေါက်တာဝီလီလျှံ ပယ်တီ (Dr. William Petty) ဟာ ပထဝီနိုင်ငံရေးကိုစတင် မိတ်ဆက်ခဲ့သူလို့ လေ့လာသူတွေကသုံးသပ်ကြပါတယ်
ဒီအောက်စဖို့ တက္ကသိုလ် ကခန္ဓာဗေဒပညာရှင်ဟာ ဗြိတိသျှကျွန်းတွေရဲ့မြေပုံကို အသေးစိတ်လေ့လာပြီး ဗြိတိသျှကျွန်းမြေပုံစာအုပ် (Atlas)ကို စနစ်တကျပြုစုပြီးထုတ်ဝေခဲ့တာပါ
ဒီစာအုပ်ကို ဗြိတိသျှလူမျိုးတွေဟာ ခေတ်သစ်မြေပုံတွေမပေါ်ပေါက်ခင်အထိ နှစ်တော်တော်ကြာကြာအသုံးပြုခဲ့ကြပါတယ်

ဒီနောက်မှာတော့ ဆာဟာဖို့ မက္ကင်တာ (Sir Halford Mackinder)၊ရေဇယ် (Razel)၊ ရူးဒေါ့ ကဂျေလိန်း (Rudolf Kjellen)၊ဂျင်ဘယူဟေး (Jean Brunhes)၊ ဂျက်အပ်ဆယ်(Jecques Ancel) စတဲ့ပထဝီနိုင်ငံရေးပညာရှင်တွေပေါ်ပေါက်လာခဲ့ပါတယ်

ဆာဟာဖို့ မက္ကင်တာက ဥရောပနဲ့အာရှထိစပ်နေတဲ့ စတုရန်းမိုင် ၂၁သန်း ပတ်လည် ကွင်းပြင်ကြီးကို
နှလုံးသားနယ်မြေ( Heart Land) လို့သတ်မှတ်ယူဆခဲ့ပါတယ်၊ဒီနယ်မြေထဲမှာ ဂျာမနီ၊ ဩစတြီးယား၊အိန္ဒိယ၊တရုတ်၊တူရကီ နဲ့ ရုရှားတို့ရဲ့ပိုင်နက်တွေပါဝင်ပါတယ်
ဒီ နှလုံးသားနယ်မြေကို သိမ်းပိုက်နိုင်တဲ့သူဟာ ကမ္ဘာကိုကြီးစိုးနိုင်မယ်လို့ဟောကိန်း ထုတ်ခဲ့တာပါ
ဒီအယူအဆဟာ ၁၈ရာစုနဲ့ ၁၉ရာစု တွေမှာ စစ်ပွဲပေါင်းများစွာကိုဖြစ်စေခဲ့ပါတယ်
ဒါအပြင် ပထမနဲ့ ဒုတိယ ကမ္ဘာစစ်ကြီးအထိ ဒီအယူအဆတွေဟာလွှမ်းမိုးနေခဲ့ပါတယ်
နပိုလီယွန်(Napoleon) နဲ့ ဟစ်တလာ (Hitler) တို့ဟာဒီအယူအဆရှိသူတွေလို့ သမိုင်းပညာရှင်တွေက ယုံကြည်ကြပါတယ်

နှလုံးသားနယ်မြေ


ဒီနောက်ပိုင်းမှာတော့ ကမ္ဘာ့ကုန်းမြေရဲ့ နှစ်ဆကျော်ရှိတဲ့ ရေပြင်ကိုစိုးမိုးရေးအယူအဆတွေပေါ်ပေါက်လာခဲ့ပါတယ်(Influence of Sea Power Upon History)၊ ဒါ့အပြင် ပညာရှင်တွေအမျိုးမျိုးရဲ့မတူညီတဲ့လေ့လာမှုပေါ်မူတည်ပြီး
မြေပြင်ကိုသာ အဓိကစိုးမိုးရေး (Infantry is the Queen of Battlefield)
လေကြောင်းကိုလွှမ်းခြုံနိုင်မှု (Air Supremacy) စတဲ့အယူအဆတွေကွဲပြားလာပါတယ်
ဒါကလဲနိုင်ငံရဲ့ပထဝီဝင်၊ လူဦးရေ၊ အကျယ်အဝန်းပေါ်မူတည်ပါလိမ့်မယ်၊

ဒါတင်မကသေး မဟာဗျုဟာမြောက်သယံဇာတ (Strategic Resource) ကိုပေါများစွာရရှိဘို့လဲလိုအပ်ပါတယ်
ဒီအထဲကမှ ရေနံ (Oil)ဟာအဓိကအကျဆုံးလို့ပြောလို့ရပါတယ်
ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီတွေစစ်ရှုံးခဲ့တာ ဒီအချက်ကအဓိကပါ
ရေနံပေါကြွယ်ဝတဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနယ်မြေတွေကို မထိန်းထားနိုင်ခဲ့မှုက ဂျာမနီတွေရဲ့
စစ်အစပိုင်းကဆက်တိုက်အောင်ပွဲခံနိုင်မှုတွေကို ရပ်တန့်စေပြီး ရလာဒ်တွေကိုဆန့်ကျင်ဘက်ဖြစ်စေခဲ့တာပါ

လက်ရှိကမ္ဘာပေါ်ရှိ တစ်ခုတည်းသော စူပါပါဝါဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုဟာ ဒီအယူအဆအားလုံးကိုဖြည့်ဆီးဖို့  ဒေါ်လာဘီလီလျှံ ရာပေါင်းများစွာ( ကမ္ဘာ့ကာကွယ်ရေးစရိတ်၏ တဝက်ကျော်) သုံးပြီး ဆယ်စုနှစ်အတော်ကြာကြံ့ကြံ့ခံနိုင်ခဲ့တာပါ

ကမ္ဘာ့တစ်ခုတည်းသောစူပါပါဝါ အမေရိကန်ပြည်ထောင်စု

၂၀ရာစုအစောပိုင်းကပေါ်ပေါက်ခဲ့တဲ့ ပထဝီနိုင်ငံရေးပညာရှင် နီကိုလပ် စပိုက်မင်း (Nicolas J.Spykman) ရဲ့ ငြိမ်းချမ်းရေးပထဝီဝင် (Geography of the Peace)အယူအဆဟာလည်း
နှောင်းပညာရှင်တွေအတွက် အားထားစရာပါ
သူက ထာဝရငြိမ်းချမ်းရေးရဖို့ စုပေါင်းလက်နက်တပ်ဆင်ခြင်း၊ ပါဝါချိန်ခွင်လျှာညီမျှမှု လိုအပ်တယ်လို့
ပြောခဲ့တာပါ
ဒါတွေကိုလည်း ၂၀ရာစုအတွင်းက စစ်အေးကာလအတွင်းမှာ အထင်အရှားတွေ့ခဲ့ရတာပါ

မြန်မာ့ပထဝီနိုင်ငံရေး

တည်နေရာအကျယ်အဝန်းနဲ့ ရာသီဥတု

မြန်မာ့ပထဝီနိုင်ငံရေး ကိုပြောရင်တည်နေရာက ကအဓိကပါ
ကမ္ဘာ့လူဦးရေအများဆုံးနဲ့ စီးပွါးရေးထိပ်သီး နိုင်ငံကြီး နှစ်ခုဖြစ်တဲ့တရုတ် နဲ့ အိန္ဒိယ ကြားမှာ ကီလိုမီတာထောင်ပေါင်းများစွာထိစပ်၍ သပ်လျှိုလျက်တည်ရှိပါတယ်
ဧရိယာစတုရန်းမိုင်ပေါင်း ၂၆၂၀၀၀ ကျယ်ဝန်းပါတယ်
ဒီကိန်းဂဏန်းဟာ ဗြိတိသျှကျွန်းရဲ့ သုံးဆ၊ ဂျပန်ကျွန်းထက် ၂ဆ ရှိပြီး
အမေရိကန်ပြည်ထောင်စုက တက်ဆပ်ပြည်နယ် ( Texas) နီးပါးရှိပါတယ်

အိန္ဒိယသမုဒ္ဒရာနဲ့ထိစပ်၍ ကမ်းရိုးတန်းတောက်လျှောက် ကီလိုမီတာ ၁၉၃၀ ကျော်ရှိပါတယ်
အရှေ့တောင်ဘက်မှာ ထိုင်းနိုင်ငံ နှင့်လာအိုနိုင်ငံ၊ အနောက်ဘက်မှာ ဘင်ဂလားဒေ့နိုင်ငံတို့နဲ့လည်း အိမ်နီးချင်းဖြစ်ပါတယ်

မြန်မာနှင့်အိမ်နီးချင်းများ


နိုင်ငံကိုဖြတ်သန်းစီးဆင်းနေတဲ့ အဓိကမြစ်ကြီး ၃ စင်းအပြင် မြစ်ငယ်ပေါင်း များစွာစီးဆင်းနေပါတယ်
ကြီးမားလှတဲ့ရိုးမတောင်တန်းတွေကလဲ သဘာဝဘေးအန္တရယ်ကို ကာကွယ်ပေးပါတယ်
တောင်တန်းတွေနဲ့ သစ်တောတွေရှိခြင်းက ရာသီဥတုကို မျှတစေပြီး ဥတု ၃ ခုကိုဖြစ်ပေါ်စေပါတယ်
မိုးရာသီဥတုရှိခြင်းက ကျူးကျော်သူတွေကို အဟန့်အတားဖြစ်စေပါတယ်
မဟာမိတ်တွေဟာ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မျက်နှာမှာ ဂျပန်တွေကို ခက်ခတ်ခဲခဲ တိုက်ထုတ်ခဲ့ရတဲ့ ရွှံ့ထဲကစစ်ပွဲ ( Battle In Mud) ဆိုတာနာမည်ကြီးပါတယ်

သဘာဝသယံဇာတ နဲ့ သမိုင်းကြောင်း

သယံဇာတအနေနဲ့ကြည့်ရင်လည်း မထွက်သည့်တွင်းထွက်မရှိသလောက်ပင်၊ ဗုဒ္ဓဘာသာဝင်တွေဖြစ်ခြင်းကလဲ နိုင်ငံသားတွေရဲ့စိတ်ကိုနူးညံ့စေပါတယ်၊အားနာမှု၊ အယုံလွယ်မှု၊ ခင်မင်မှုတွေကလည်း ကိုလိုနီလုပ်လိုသူတွေအတွက် အကြိုက်ပါ
သဘာဝသံယံဇာတပေါကြွယ်မှု လူဦးရေနဲ့ အကျယ်အဝန်း အချိုးအဆကွာဟာမှု တွေကလည်းပထဝီနိုင်ငံရေးပညာရှင်တွေအတွက်မျက်စိကျစရာပါ
ဒါကြောင့်လည်း သမိုင်းမှာနိုင်ငံရပ်ခြားတိုင်းပြည်တွေရဲ့ကျူးကျော်မှုကို မကြာခဏဆိုသလိုရင်ဆိုင်ခဲ့ရတာ
၁၇ ရာစုအတွင်း ဆိုင်ယမ်(ထိုင်း) တို့ရဲ့ကျူးကျော်ရန်စမှု၊ တရုတ်အင်ပါယာရဲ့ ၄ကြိမ် တိတိကျူးကျော်လာမှု၊
၁၉ရာစုအတွင်း ဗြိတိသျှတို့ရဲ့ စစ်သုံးကြိမ်ထိုးမှု၊
၂၀ရာစုဒုတိယကမ္ဘာစစ်အတွင်းမှာတော့  ဖက်စစ်ဂျပန်တွေရဲ့နှိပ်စက်မှုတွေကို ခံခဲ့ရပါတယ်၊
လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း ကွန်မြူနစ်တွေကိုစစ်ရှုံးပြီး ထွက်ပြေးလာတဲ့ တရုတ်ကူမင်တန်တပ်များ( ယခု ထိုင်ဝမ်)ကို မြန်မာ့မြေပေါ်က မောင်းထုတ်ရပြန်ပါတယ်

မြန်မာ့သယံဇာတတွေရဲ့တည်နေရာပြ မြေပုံ


မြန်မာပြည်သားတွေစည်းလုံးရင် အာရှမှာအားလုံးဖိန့်ဖိန့်တုန်ခဲ့ရသည်ကြီးဖြစ်သည်
သို့သော်လည်း အနော်ရထာလက်ထက်ကစလို့ ဗိုလ်ချုပ်အောင်ဆန်းအထိ စည်းလုံးခဲ့တဲ့ကာလက နှစ်ပေါင်း ၇၀ခန့်သာရှိပါတယ်
ဒီကာလတွေမှာမြန်မာပြည်ဟာဒေသတွင်းကနိုင်ငံတွေရဲ့ လေးစားခန့်ညားခြင်းကို ခံယူခဲ့ရတာပါ
ပထဝီနိုင်ငံရေးအယူအဆပေါ်ပေါက်ပြီးနောက် မြန်မာနိုင်ငံကိုအနောက်နိုင်ငံတွေကပိုမိုမျက်စိကျလာပါတယ်
ကမ္ဘာ့နေမဝင်အင်ပါယာကြီး ဗြိတိသျှရဲ့အကွက်ကျကျ သိမ်းပိုက်မှုကိုခံခဲ့ရပါတယ်
အဲဒီအချိန်ကဗြိတိသျှတွေဟာ ကမ္ဘာ့ပေါ်မှာရေတပ်အင်အားအကြီးဆုံးပါ
မြန်မာနိုင်ငံကိုလဲဒီရေတပ်နဲ့ဘဲ ဝင်ရောက်သိမ်းပိုက်ခဲ့တာပါ

ရာစုနှစ်တခုလောက်ကိုလိုနီဖြစ်ပြီးနောက် ဒုတိယကမ္ဘာစစ် အတွင်းဖက်စစ်တွေကသိမ်းပိုက်ခဲ့ပြန်ပါတယ်
ဒီနောက်မှာတော့မဟာမိတ်တပ်တွေရဲ့အကူအညီနဲ့ ဂျပန်တွေကိုတိုက်ထုတ်ပြီး
စစ်ကြီးအပြီး ၁၉၄၈မှာတော့ လွတ်လပ်ရေးရရှိခဲ့ပါတယ်

ဒီနောက်မှာတော့ပြည်တွင်းပြည်ပ ရန်တွေကို ရင်ဆိုင်ခဲ့ရပြန်ပါတယ်
ခုထိလဲတိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ထာဝရ ငြိမ်းချမ်းရေးမရသေးပါဘူး
လက်နက်ကိုင်အုပ်စုတွေဟာ အခြားနိုင်ငံတွေရှိလက်နက်ကိုင်တွေလို ပြည်ပအကူအညီကို အဓိကယူတာမဟုတ်ဘဲ မိမိတို့ထိန်းချုပ်ရာ နယ်မြေတွေက သယံဇာတတွေကို တရားမဝင်ရောင်းချပြီး
ကြီးမားပြီး တောင့်တင်းတဲ့စစ်တပ်တွေကို တည်ဆောက်ခဲ့တာကြောင့်လည်း ဒီတိုက်ပွဲတွေဟာမပြီးပြတ်သေးတာပါ

လူဦးရေအချိုးအစား

ရပ်ဇယ် (Razel) ကနိုင်ငံတခုရဲ့အင်အားဟာ လူဦးရေပေါ်မှာမူတည်တယ်လို့ ပြောခဲ့ပါတယ်
မြန်မာနိုင်ငံမှာ ခန့်မှန်းချက်တွေအရ လူဦးရေစုစုပေါင်း သန်း ၅၀ ကျော်ရှိပါတယ်
ဧရိယာ စတုရန်းမိုင်ပေါင်း ၂၆၂၀၀၀ ကျော်ရှိတဲ့ဒီတိုင်းပြည်မှာ ဒီလူဦးရေကအလွန်နည်းပါးပါတယ်
အိမ်နီးနားချင်းတိုင်းပြည်တွေဖြစ်တဲ့ အိန္ဒိယ မှာ လူဦးရေ သန်း ၁၀၀၀ ကျော်၊ တရုတ်မှာ သန်း ၁၃၀၀ကျော်၊ ဘင်ဂလားဒေ့ မှာ သန်း၁၅၀ ၊ ထိုင်းမှာ လူဦးရေ သန်း ၈၀ နီးပါရှိပါတယ်

ဒီလိုလူဦးရေထူထပ်တဲ့ တိုင်းပြည်တွေကြားမှကြံ့ကြံ့ခံနိုင်ဘို့ဆို စည်းကမ်းပြည့်ဝတဲ့အမျိုးသားရေးဝါဒရှိဖို့လိုသလို၊ ခေတ်မှီပြီး လေ့ကျင့်သားပြည့်ဝတဲ့တပ်မတော်လဲရှိဖို့လိုပါတယ်
မြန်မာ့သမိုင်းမှာပြန်ကြည့်ရင် ဒီလိုအချက်တွေပြည့်စုံတဲ့ကာလမှာ
အဘက်ဘက်ကတိုးတက်ခဲ့ပြီး ဒေသတွင်းမှာစူပါပါဝါဖြစ်ခဲ့တာပါ

စစ်ရေး

မြန်မာနိုင်ငံဟာ မဟာဗျုဟာလမ်းကြောင်းပေါ်မှာတည်ရှိလို့ စစ်ရေးအရလဲအရေးပါပါတယ်
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်ကိုဖြတ်သန်းပြီး ဖောက်ခဲ့တဲ့ မြန်မာပြည်လမ်းမကြီး (Burma Road)ဟာ
မဟာမိတ်တပ်တွေအတွက် အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်ခဲ့ပါတယ်
ဒါဟာစစ်အောင်မြင်ရေးအတွက်အလွန်အရေးပါတဲ့အချက်ပါ

မြန်မာအတွက်အဓိကရန်သူဟာ တရုတ်နဲ့ အိန္ဒိယပါ
ဘာလို့လဲဆိုတော့ဒီနိုင်ငံကြီးတွေဟာ လူဦးရေများသလောက် စားနပ်ရိက္ခါတွေစိုက်ပျိုးဖို့နေရာရှားပါတယ်
မြေလွတ်မြေရိုင်းတွေအတော်များများရှိပေမဲ့ စိုက်ပျိုးနိုင်တဲ့မြေဆီလွှာရှိတဲ့ နေရာကနည်းပါတယ်
(အထူးသဖြင့်တရုတ်ပြည်ပါ)
ဒီအတွက်ဒီနိုင်ငံတွေဟာ နယ်မြေသစ်တွေကိုအပူတပြင်းလိုချင်နေကြတာပါ

ဘင်ဂလားဒေ့ နှင့် ထိုင်းကတော့ မိမိတို့လိုဘဲ တိုင်းပြည်တွင်းကိစ္စတွေကို ဖြေရှင်းနေရချိန်ကများတာမို့
စိုးရိန်စရာမရှိပါဘူး
ဖြစ်ခဲ့ရင်တောင် နယ်စပ်ဒေသမှာ ကန့်သတ်စစ် ( Limited War) သာဖြစ်နိုင်ပါတယ်
လာအိုကတော့ မိမိတို့ကိုယှဉ်ပြိုင်နိုင်ဖို့အင်အားမရှိပါဘူး

အနောက်နိုင်ငံတွေကလဲ သူတို့ရဲ့အကျိုးစီးပွါးများများစားစားမရှိဘဲ ဒီအကုန်ကျများလှတဲ့စစ်ပွဲတွေကို
ဖန်တီးလေ့မရှိပါဘူး

မြန်မာ့တပ်မတော်


မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနဲ့အတူပေါ်ပေါက်လာတဲ့ တပ်မတော်ဟာ
ခုဆို သက်တမ်းအားဖြင့် နှစ်ပေါင်း ၇၀ နီးပါးရှိပါပြီ
ဒီကာလအတွင်းမှာ တပ်မတော်ဟာ ပြည်တွင်းရန်၊ ပြည်ပရန် တွေကို ဆက်တိုက် တော်လှန်ခဲ့လို့
စစ်ရေး
အတွေ့အကြုံအရ ဒေသတွင်းမှာ တော်တော်လေးကိုထိပ်တန်းမှာရှိပါတယ်
သို့သော်လဲ စစ်လက်နက်ပစ္စည်းများ ခေတ်မမှီမှု၊ အောက်ခြေတပ်သားတွေရဲ့ ပညာရည်နည်းပါး
မှုတွေကလဲ ပြသနာအလွန်ကြီးပါတယ်
ဒါကြောင့် တိုက်ပွဲတွေမှာ အကျအဆုံးများတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေလဲရှိနေတာပါ
ထို့အပြင် အင်အားကြီးနိုင်ငံတွေကိုတော့ ယှဉ်ပြိုင်နိုင်စွမ်းမရှိသေးပါဘူး

ရွှေခေတ်

ဒီတော့ ရွှေထီးဆောင်းတဲ့ကာလကလို ပြန်ဖြစ်အောင်ဘယ်လိုလုပ်မလဲ
အဓိကကတော့ တိုင်းပြည်မှာငြိမ်းချမ်းအောင်လုပ်ရပါမယ်
စီးပွါးရေးဖွံ့ဖြိုးတာနဲ့ ငြိမ်းချမ်းရေးဟာအပြန်အလှန် မှီခိုနေပါတယ်

စီးပွါးရေးမဖွံ့ဖြိုးတာကြောင့် ဆန့်ကျင်တဲ့အုပ်စုတွေပေါ်လာနိုင်သလို
ငြိမ်းချမ်းမှုမရှိခြင်းကလဲ စီးပွါးရေးကိုကမောက်ကမဖြစ်စေပါတယ်
ဒီအတွက် ဆန့်ကျင်သူတွေနဲ့ညှိနှိုင်းပြီး နှစ်ဦးနှစ်ဘက် အကျိုးရှိမဲ့ အဖြေ (Win Win Solution) တွေကိုရှာထုတ်ရမှာပါ

ဒီလိုနိုင်ငံရေးအရ အဖြေရှာနိုင်မှသာ ပညာရေးနဲ့ စီးပွါးရေး တိုးတက်ဖို့ဆက်လက်လုပ်ဆောင်နိုင်မှာပါ
စီးပွါးရေးတိုးတက်လာရင် အခြား လူမှုရေး၊ ကျန်းမာရေး၊ စစ်ရေးတို့ကို ဖွံ့ဖြိုးအောင်ငွေတော်တော်များများသုံးနိုင်မှာပါ
ဒီလိုသာ လုပ်ဆောင်နိုင်ရင် ဆယ်စုနှစ်တခုအတွင်းမှာ အာရှပစိဖိတ်ဒေသ၌ နောက်ထပ်ပါဝါသစ်တခုပေါ်ပေါက်လာမှာအသေအချာပါ…….။

                                                                               ဆင်ဖြူရှင်
                                                                           အောက်တိုဘာ ၁၅၊ ၂၀၁၂

ကိုးကား။ ။ ပထဝီနိုင်ငံရေး (သောင်းထိုက်)
               ATLAS OF THE WORLD ( National Geographic)
               ATLAS OF THE WORLD ( Gareth Stevens)














Saturday, October 13, 2012

ငြိမ်းချမ်းရေးနိုဗယ်ဆုနှင့် မြန်မာသမ္မတ

အောက်တိုဘာ ၁၂ ရက်နေ့က နော်ဝေးနိုင်ငံမှာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုပေးအပ်ပွဲမှာ ဝေဖန်မှုတွေနဲ့အတူ ဥရောပသမ္မဂ္ဂ (European Union) က ရရှိခဲ့ပါတယ်

အဲမတိုင်ခင်ကထွက်ပေါ်ခဲ့တဲ့  ကြိုတင်ခန့်မှန်းစာရင်းမှာ ပါဝင်တဲ့ တစ်ပေးခံရတဲ့သူတွေကို လေးစားသူတွေအတွက် ဒီရလဒ်က အတော်လေးကစိတ်သိကအောက်ဖြစ်စရာပါ ဒါပေမဲ့ဒီဆန်ကာတင်ခန့်မှန်းမှုထဲမှာ ပါဝင်တဲ့သူတွေဟာဒီဆုကိုလိုချင်လို့ သူတို့အဲလိုဆောင်ရွက်ခဲ့ခြင်း မဟုတ်တာသေချာပါတယ်

ဒီအထဲကမှ မြန်မာသမ္မတကို အားခဲထားတဲ့မြန်မာတွေအဖို့ စိတ်မကောင်းစရာပါ 
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဒီစာရင်းထဲမှာအငြင်းပွါးမှုတွေနဲ့အတူ ပါဝင်ခဲ့တာပါ သို့သော်လည်းမြန်မာလူထုအပါအဝင် အတိုက်အခံအတော်များများက သူ့ကိုရစေချင်တဲ့ အပြုသဘောရှိပါတယ်
ဒီလိုဆန်ခါတင်စာရင်း(ခန့်မှန်းချက်သာဖြစ်သည်၊ နိုဗယ်ဆုရွေးချယ်ရေးအဖွဲ့ကမည်သည့်အခါကမှ
တရားဝင်ထုတ်ပြန်လေ့မရှိပေ)မှာ ပါဝင်နိုင်ခဲ့တဲ့သမ္မတရဲ့လုပ်ဆောင်မှုတွေကိုကြည့်ရအောင်ပါ

မြန်မာသမ္မတဦးသိန်းစိန်ကုလသမ္မဂ္ဂဌာနချုပ်တွင်မိန့်ခွန်းပြောကြားနေစဉ်



ဦးသိန်းစိန်ရဲ့ဒီတိုတောင်းလှတဲ့နှစ်အတွင်း အောင်မြင်တဲ့အပြောင်းအလဲ
လုပ်ဆောင်ခဲ့တာတွေကိုကြည့်ရင်မြန်မာ့သမိုင်းမှာ မရှိသလောက်ပါဘဲ
၂၀၁၀ရွေးကောက်ပွဲမှာအငြင်းပွါးမှုတွေ၊ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ အနိုင်ရရွေးချယ်ခံရပြီး သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်

သမ္မတသစ်ဦးသိန်းစိန်ရဲ့ ပထမဆုံးလုပ်ဆောင်မှုက မြန်မာ့အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ်ကနေလွှတ်ပေးခဲ့တာပါ

ဒီနောက်မှာတော့မြန်မာစစ်ခေါင်းဆောင်တွေရဲ့မဟာမိတ် တရုတ်နဲ့တွဲလုပ်ကိုင်နေတဲ့ ဒေါ်လာ ၃ဘီလျံကျော်တန်ဘိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို ပြည်သူတွေရဲ့တောင်းဆိုမှုကြောင့် ရပ်ဆိုင်းလိုက်ပါတယ်

နိုင်ငံရေးအကျဉ်းသားရာပေါင်းများစွာကို ဆက်တိုက်လွှတ်ပေးခဲ့ပါတယ်
ပြည်ပရောက်အတိုက်အခံနဲ့ ပညာရှင်တွေအပြင် ရွှေ့ပြောင်းအလုပ်သမားတွေကိုပါ ပြည်တော်ပြန်ဘို့တိုက်တွန်းခဲ့ပါတယ်
အတိုက်အခံတွေနဲ့လည်းတွေ့ဆုံဆွေးနွေးမှုတွေဆက်တိုက်လုပ်ခဲ့ပါတယ်

ဒါ့အပြင် ပြည်တွင်းလက်နက်ကိုင်အုပ်စု တွေနဲ့လည်း ငြိမ်းချမ်းရေးကိုဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်
မြန်မာ့ပြည်တွင်းစစ်ဟာ ကမ္ဘာသမိုင်းမှာ စာတင်ရလောက်အောင်ရှည်ကြာလှပါတယ်
တိုင်းရင်းသားလူမျိုးစုစုပေါင်း ၁၃၅ မျိုးအနက် တော်တော်များများကလက်နက်ကိုင်ပြီးအစိုးရကိုဆန့်ကျင်နေခဲ့ကြတာပါ
ဒါတွေဟာ ၁၉ရာစုအတွင်းက ဗြိတိသျှကိုလိုနီတွေရဲ့ရက်စက်လှတဲ့သွေးခွဲအုပ်ချုပ်ရေးစနစ်( Divide & Rule) ကြောင့်ပါ
လွတ်လပ်ရေးရပြီးတိုင်အောင် ဒါတွေဟာမပြီးပြတ်ဘဲ မရေမတွက်နိုင်သောတိုက်ပွဲတွေဟာဆက်လက်ဖြစ်ပွါးခဲ့ပါတယ် အသက်အိုးအိမ်များစွာလည်းဆုံးရှုံးခဲ့ရပါတယ်

ကမ္ဘာ့အတွေးအခေါ်ပညာရှင် Aristotle ရဲ့ "စစ်ဆိုတာရှိမှ ငြိမ်းချမ်းမှုရှိမယ်" ဆိုတဲ့စကားကိုသတိရစရာပါဘဲ
သမ္မတဦးသိန်းစိန်ကတော့ တပ်မတော်ကဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်ဘက်ကဖြစ်စေ တယောက်ယောက် ထိခိုက်ကျဆုံးတာဟာ နိုင်ငံတော်ရဲ့ဆုံးရှုံးမှုလို့ခံယူပြီး ထာဝရငြိမ်းချမ်းရေးရအောင်ကြိုးပမ်းခဲ့ပါတယ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ နဲ့တွေ့ဆုံပြီးသဘောတူညီမှုတွေနဲ့နားလည်မှုတည်ဆောက်နိုင်ခဲ့တာပါ
မြောက်ပိုင်းကကချင်လက်နက်ကိုင်အဖွဲ့(KIA) နဲ့သာ ခုထိသဘောတူညီမှုမရသေးဘဲတိုက်ပွဲတွေဆက်လက်ဖြစ်နေခဲ့တာပါ
ဒါကလည်း ပြည်ပ ပယောဂကြောင့်လို့ယူဆသူတွေလည်းရှိပါတယ်
KIA စစ်သားများကင်းလှည့်နေစဉ်
ထို့နောက်ရခိုင်ပြည်နယ်က လူမျိုးရေးအထိကရုံးတွေမှာလဲပြည်သူ့ဆန္ဒနဲ့အညီကုလသမ္မဂ္ဂနဲ့
လက်တွဲပြီး အတတ်နိုင်ဆုံးအေးအေးချမ်းချမ်းဖြေရှင်းနိုင်ခဲ့ပါတယ်

ဒီနှစ်အတွင်းမှာလည်း သမ္မတကအနောက်နိုင်ငံတွေရဲ့စီးပွါးရေးပိတ်ဆို့မှုတွေကို
ရပ်တန့်သွားအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်
ဒါဟာအနောက်နိုင်ငံတွေရဲ့ယုံကြည်မှုရအောင် သမ္မတကအချိန်တို
အတွင်းမှာလုပ်ပြခဲ့တာပါ၊(မည်သည့်နိုင်ငံကမှ အနောက်နိုင်ငံများ၏ စီးပွါးရေးပိတ်ဆို့မှုကို
မြန်မာကဲ့သို့ မြန်မြန်ဆန်ဆန် ရပ်တန့်အောင်မလုပ်ပြနိုင်ခဲ့ပေ)

မြန်မာသမ္မတက သူ့ရဲ့အမေရိကန်ခရီးစဉ်မှာလဲ ကုလသမ္မဂ္ဂနိုင်ငံတွေကြားမှာ မြန်မာကို မျက်နှာပန်းလှအောင် ကြိုးစားနိုင်ခဲ့ပါတယ်
သူ့ခရီးစဉ်ကအပြန်ရန်ကုန်လေဆိပ်အရောက်မှာ ရာပေါင်းများစွာသောပြည်သူတွေရဲ့ မိမိသဘောဆန္ဒအတိုင်းကြိုဆိုမှုကို ပထမဆုံးအကြိမ် အံ့ဩစွာရင်ဆိုင်ခဲ့ရတာပါ
ဒါတွေဟာသမ္မတာအတွက်ရှေ့ဆက်လျှောက်ရမဲ့ ခရီးကြမ်းတွေအတွက် အားဆေးတွေပါ

စစ်ခေါင်းဆောင်ဟောင်းကြီးတွေနောက်ကွယ်ကကြိုးကိုင်နေတုန်းလို့ ယူဆသူတွေက
ဒီလိုသမ္မတကို ပြည်သူတွေကအားပေးထောက်ခံမှုတွေဟာ သမ္မတ(ဗိုလ်ချုပ်ကြီးဟောင်း)ကိုတွေဝေနေစေတဲ့ ဆုံးဖြတ်ချက်တွေကို ပြတ်သားခိုင်မာစေမယ်လို့ယုံကြည်ပါတယ်

ပြည်သူတွေနဲ့အနီးကပ်ရှိနေဘို့၊ ပြည်သူ့စကားသံအမှန်ကိုကြားရဘို့ သတင်းလွတ်လပ်ခွင့်ကိုလည်း
လမ်းဖွင့်ပေးခဲ့ပါတယ် (ခုလက်ရှိညွန်းကိန်းတွေအရ မြန်မာနိုင်ငံ၏သတင်းလွတ်လပ်ခွင့်အခြေအနေသည်
အာရှတိုက်ရှိနိုင်ငံများ၏ ထက်ဝက်ကိုကျော်သွားခဲ့ပြီဖြစ်သည်)

နိုင်ငံတကာကလည်းရင်းနှီးမြုပ်နှံဘို့ နောက်ကျတဲ့ခြေထောက်သစ္စာဖောက်လို့ ခံယူထားသလားထင်ရအောင်
သူတင်ကိုယ်တင်လာရောက်ဆွေးနွေးနေပါပြီ
မြန်မာနိုင်ငံရဲ့ သန်း ၆၀ သောပြည်သူတွေ(ကုလသမ္မဂ္ဂခန့်မှန်း) ရဲ့ရာစုနှစ်ဝက်လောက်ပျောက်ဆုံးနေတဲ့မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာအောင်သမ္မတနဲ့ အတိုက်အခံ တွေကပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်

မြန်မာနိုင်ငံဟာဒေသတွင်းမှာအဆင်းရဲဆုံးပြည်သူတွေရှိတဲ့နိုင်ငံပါ
လူတရောက်ရဲ့ပျမ်းမျှတနေ့ဝင်ငွေက ၁ ဒေါ်လာအောက်သာရှိပါတယ်(ကမ္ဘာ့ဘဏ်ခန့်မှန်း)
ဒါ့အပြင် ကျန်းမာရေးနဲ့လုံးဝမညီညွတ်တဲ့ လူမှုဘဝတွေမှာနေထိုင်နေရတာပါ၊ အမျိုးမျိုးဖိနှိပ်ချုပ်ချယ်မှုတွေကိုလည်းမကြာခဏဆိုသလိုခံနေရတာပါ
မြန်မာပြည်သူလူထု၏နေ့စဉ်ဘဝ

ခုတော့ဒီပြည်သူတွေအတွက်သမိုင်းမှာတခါမှမရတဲ့ အခွင့်အရေးတွေကိုတဖြေးဖြေးခြင်းရရှိလာနေပါပြီ
တချိန်ကအာရှမှာအချမ်းသာဆုံးလို့ သမိုင်းစာမျက်နှာတွေအရသာ ယုံကြည်ခဲ့ရတယ်၊ ဒီလိုသမိုင်းအစဉ်အလာတွေပြန်ရအောင် သမ္မတရဲ့အစိုးရနဲ့အတိုက်အခံ အမတ်တွေကလွှတ်တော်ထဲမှာ  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနေကြပါပြီ
(ပထီဝီအရမဟာဗျူဟာကျမှူ၊သယံဇာတပေါကြွယ်မှု၊လူ့စွမ်းအားအရင်းအမြစ်များဈေးနှုန်းသက်သာမှု၊ ယဉ်ကျေးသောဗုဒ္ဓဘာသာဖြစ်မှုတွေကလဲရင်းနှီးမြုပ်နှံလိုသူတွေအတွက်မျက်စိကျစရာပါ)

အချုပ်ကိုပြောရရင်ဒီလိုတိုးတက်မှုတွေ ဖြစ်လာတာဟာ သမ္မတတယောက်ထဲလုပ်ဆောင်ခဲ့တာမဟုတ်ပေမဲ့ဦးသိန်းစိန်ကအဓိကကျတဲ့နေရာကပါဝင်ဦးဆောင်ခဲ့တာပါ
သမ္မတတာဝန်ကို သက်တမ်းတခုသာထမ်းဆောင်မယ်လို့ပြောခဲ့တာကလည်း အာဏာရဘို့နည်းမျိုးစုံသုံးလေ့ရှိတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအတွက် အတုယူစရာပါ
ကချင်အရေးနဲ့ စီးပွါးရေးကိုသာအောင်မြင်အောင်လုပ်နိုင်ရင် မြန်မာ့သမိုင်းမှာအတုယူစရာခေါင်းဆောင်နည်းပါး
လှတဲ့စာရင်းကိုတယောက်တိုးစေမှာပါ

ငြိမ်းချမ်းရေးနိုဗယ်ဆုဆိုတာ ကမ္ဘာ့ပေါ်ရှိပြသနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းတဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ်
အဖွဲ့အစည်းကို ၁၉၀၁ ခုနှစ်ကစပြီး နှစ်စဉ်(နှစ်အနည်းငယ်သာမကျင်းပဖြစ်)ပေးအပ်လေ့ရှိတာပါ
တောင်အာဖရိကခေါင်းဆောင်နယ်ဆင်မင်ဒဲလား ဟာ ၁၉၉၂ ခုနှစ်မှာဆန်ကာတင်စာရင်းသာပါပြီးလွဲချော်ခဲ့ပါတယ်
သို့သော်လည်း ၁၉၉၃ ခုနှစ်မှာတော့လက်ခံရရှိခဲ့ပါတယ်(ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ခုနှစ်တွင်လက်ခံရရှိခဲ့သည်)

သမ္မတဦးသိန်းစိန်သည်ကလည်း ၂၀၁၃ ခုနှစ်နိုဗယ်ဆုကို လက်ခံရရှိမယ်
မရှိဘူးဆိုတာတော့စောင့်ကြည့်ရမှာပါ

ဒါပေမဲ့သမ္မတဦးသိန်းစိန်ဟာငြိမ်းချမ်းရေးနိုဗယ်ဆုကိုရသည်ဖြစ်စေ မရသည်ဖြစ်စေနိုင်ငံအကျိုးစီးပွါး၊
ပြည်သူ့ဆန္ဒတွေကို သူ့သက်တမ်းကုန်သည့်တိုင်အောင် အတိုက်အခံရော၊ နိုင်ငံတကာနဲ့ပါ နောက်မဆုတ်တမ်း ဆောင်ရွက်သွားမယ်ဆိုတာ မြန်မာနိုင်ငံသားတော်တော်များများက
အပြည့်အဝ ယုံကြည်တာအသေအချာပါ.........

                                                                                          
                                                                                     ဆင်ဖြူရှင်
                                                                               အောက်တိုဘာ ၁၃၊ ၂၀၁၂